နတ်မောက်မြို့နယ်၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေး ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်တင်တင်မူ (ဒု-ဦးစီးမှူး)က စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေရန်၊  စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်စေရန်နှင့် တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်၍ တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ဓာတုဓာတ်မြေဩဇာများကို တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် ဓာတုဓာတ်မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများကြောင့် မြေဆီလွှာထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 ထို့ကြောင့် တောင်သူများ စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ၊ သဘာဝအပင်အားတိုးဆေးရေနှင့် ငါးအမိုင်နိုအက်စစ် ဖျော်စပ်နည်းများအား တောင်သူများ အသုံးပြုတတ်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေး လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူစန်း