သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံပေး

သရက် စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ စက်တင်ဘာ ၁၈ ရက်နေ့တွင် စတင်ထိုးနှံလျက်ရှိရာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအခြေပြု အခြေခံအထက်တန်းနှင့် အလယ်တန်း၊ မူလတန်းတို့တွင် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ ယမန်နေ့က အမကချင်းကျောင်း၊ အမကရုံးရပ်နှင့် ကိုးပင်မူလတန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် သားအိမ်ခေါင်းရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့် WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ သာအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကို အသက်(၉)နှစ်ပြီးမှ (၁၂)နှစ်မကျာ်သော  ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးမထိုးနှံမီ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးစာရင်းသွင်းခြင်း စသည်တို့ ဆောင်ရွက်ပြီးမှ ဆေးများကိုထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီးသည့်သူများအား နာရီဝက်ခန့်နားနေပြီးမှသာ သက်ဆိုင်သည့်အတန်းများကို ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ သရက်မြို့နယ်အတွင်း ဆေးထိုးရန်(၁၉၃၂)ဦးရှိသည့်အနက် စက်တင်ဘာ(၁၈)ရက်နေ့က(၅၀၅)ဦး၊ စက်တင်ဘာ(၁၉)ရက်နေ့က(၅၈၁)ဦး သရက်မြို့နယ်အတွင်းရှိ ကျောင်းအခြေပြုစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)