ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၈၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီး

ပွင့်ဖြူ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းမှာ ယခုအခါ ၈၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၈ ဒသမ ၀၆၁ သန်းဖြင့် ‌တင်ဒါအောင်မြင်သည့် မကွေးမြို့ Shwe Group ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကာ ဇွန်လ ၁၈ ရက်နေ့က စတင်ပြီး လမ်းအရှည်ပေ တစ်မိုင် ၊ သုည ဒသမ ၂၄ ဖာလုံ အား လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထု တစ်ပေကိုးလက်မ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်း၊ Slab Culvert တံတား(၁)စင်းနှင့် အကျယ်အဝန်း (၁၆ပေ×၆ပေ×၆ပေ) ရေပြွန်(၃)ခု ထည့်သွင်းတည်ဆောက်၍ ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ ၈၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းအား ဒေသခံပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်ရေးအတွက် တင်ဒါပါသတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၂)ရွာမှ အိမ်ခြေ ၇၆၅ အိမ်မှလူဦးရေ ၃၇၄၂ ဦး၏ သီးနှံစိုက်ပျိုးလယ်မြေဧက ၃၀၀ အတွက် ရာသီမရွေးအဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကာ လယ်ယာမြေများမှထွက်ရှိသော ဒေသထွက်ကုန် သီးနှံများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြု‌ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)