မင်းဘူး စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပင်နံငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ မြင့်တက်ကာ ဈေးကောင်းရရှိနေကြောင်း မင်းဘူးမြို့ အမှတ် (၄) မကြီးချောင်း ပွဲရုံလုပ်ငန်းရှင် ဒေါ်လဲ့ထံမှ သိရသည်။
မင်းဘူးမြို့ ငရုတ်သီးဈေးကွက်ထဲတွင် ငရုတ်သီးစိမ်းမျိုးများမှာ (၁) ကုလားအော်သီး၊ ပင်နံသီးစသော အစပ်ဆုံး ငရုတ်သီးမျိုး၊ (၂) ၆၉၂၊ ကျောက်စိမ်း၊ ပန်းရဲ၊ ဗီယက်နံသီးစသော အတောင့်ရှည်သီးနှင့် (၃) ငရုတ်ပွသီးဟူ၍ သုံးမျိုးရှိကာ နံပါတ် (၁) အမျိုးအစားဖြစ်သော ကုလားအော်သီးနှင့် ပင်နံသီးမှာ ဈေးအကောင်းဆုံးဖြစ်သည်။
ယခင်လများက ပင်နံငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀/၅၀၀၀ ဈေးသာရှိသော်လည်း ယခုလများတွင် တစ်ပိဿာလျှင် ကျပ် ၇၅၀၀ ဈေးအထိ ဈေးကောင်းရရှိလာကြသည်။ ပင်နံသီးမျိုးသည် အတောင့်သေးပြီး ကုန်ချိန် အထွက်နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက် တောင်သူများအဖို့ တွက်ချေကိုက်သော သီးနှံဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ယခုနှစ် မိုးငရုတ် စိုက်ပျိုးချိန်တွင် မိုးအလွန်ကောင်းပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျွန်းထဲ၊ ကိုင်းထဲတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ ရေနစ်သေဆုံးကာ ဆုံးရှုံးမှုများရှိသဖြင့် ငရုတ်သီးဈေးနှုန်းများ ဆက်လက် မြင့်တက်နေအုံးမည် ဖြစ်ကြောင်း ငရုတ်ရောင်းဝယ်သူများက ဆိုကြသည်။
ဇေယျာထက်(မင်းဘူး)