ငဖဲမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ငဖဲ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ်မိန်းကလေးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ကို စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်း၊ လက်ထောက်ကျန်းမာရေးမှူး ဦးဝေလင်းအောင်နှင့် ကျန်းမာရေးဆရာမများက အုပ်ထိန်းသူမိဘများနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးပြောကြားပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ သက်ဆိုင်ရာကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များနှင့် လူမှုရေးအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ငဖဲမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် ကျောင်းသူ (၁၃၆၆)ဦးရှိရာ စက်တင်ဘာလ(၁၉)ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၈၃၂)ဦး  (၆၀.၉၁)ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်၍ ကျန်ရှိနေသည့် ကျောင်းသူမိန်းကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက စက်တင်ဘာလ(၂၉)ရက်နေ့ထိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)