ကော့သောင်း စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသန့်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး၊ ဦးကိုကိုနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်များက ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ပတ်သက်သော ဦးတည်ချက်(၄)ရပ်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အနေနဲ့ အချိန်အား၊ လူအား၊ ဓနငွေကြေးအင်အားများနဲ့ ကျင်းပနေခြင်းဟာ မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပိုင်ဆိုင်ထားကြသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ကောင်းမြတ်သည့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်း အပြင်အဆိုပါ အမွေအနှစ်များ တိမ်ကောပျောက်ကွယ်မသွားစေရန် ဆင့်ကဲဆင့်ကဲ ဖြန့်ဝေဆက်ခံနိုင်ကြရန်နဲ့ လူငယ်များအကြား အမျိုးသား ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ မြတ်နိုးထိန်းသိမ်းလိုသည့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကျင်းပလာခဲ့တာ ယခုဆိုရင် (၂၄) ကြိမ်မြောက်ခဲ့ပြီဖြစ် ပါတယ်။ယနေ့ ကျင်းပတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကနေ မြန်မာ့ရိုးရာအနုပညာ စစ်စစ်များ ထွန်းကားနေအောင် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတဲ့ အမျိုးသားရေး အသိစိတ်ဓာတ် အခြေခံနဲ့ ကျရာကဏ္ဍကနေ ကြိုးပမ်းပါဝင်ထမ်းရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ (၂၄) ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ အခြေခံပညာအဆင့်နှင့် ဝါသနာရှင်-ဒုတိယတန်းအဆင့် ဟူ၍ ပြိုင်ပွဲ(၂)ရပ်အား စတင်ကျင်းပခဲ့ရာ အဆိုဘာသာရပ်ပြိုင်ပွဲ အမျိုးအစား(၂)ခု၊ အကဘာသာရပ်ပြိုင်ပွဲ အမျိုးအစား(၁)ခု၊ အတီးဘာသာရပ်ပြိုင်ပွဲ အမျိုးအစား (၂) ခုကို ပြိုင်ပွဲဝင် (၂၀) ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့သို့ ပြိုင်ပွဲဝင်များ၏ ကြိုးစားပမ်းစားယှဥ်ပြိုင်နေမှုတို့အား ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော့သောင်းခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)