ကလိန်အောင် စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးရာ၌ (၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄) ရက်အတွင်း မွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သီရိသစ်လွင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက ကျောင်းသူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီး အ-ထ-က ကလိန်အောင်ကျောင်းမှ ဆရာမများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလိန်အောင်မြို့၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာကျောင်း(၆)ကျောင်းမှ ကျောင်းသူ(၁၂၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)