ပခုက္ကူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၉နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က “ကလေးသူငယ်များ၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး”အတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကျိုးခံစားခွင့်များ အကောင်းဆုံးရရှိစေရန် ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ခြိမ်းခြောက်ခံရမှုများ ကင်းဝေးစေရေးဆောင်ရွက်ချက်များ၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာသူများအား ပြုစုစောင့်ရှောက်ပေးနေမှုများ၊ အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်အမွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)