ချောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းများကို စက်တင်ဘာ(၁၈)ရက်နေ့ နံနက်(၉)နာရီမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်း ကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ၊ ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များအကြောင်း စသည်တို့ကို ကျောင်းသူများနှင့် မိဘများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ချောက်မြို့ အ.မ.က(၂)(ဗဟိုကွက်)ကျောင်းနှင့် အ.မ.က(၄)မူလွန် (ရွာဟောင်း)ကျောင်းတို့တွင် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများက အနီးကပ်ကြည့်ရှုခဲ့ပြီး အားပေးစကားပြောကြားကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ကျောင်းပေါင်း (၂၀၇) ကျောင်းရှိပြီး အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ် စုစုပေါင်း (၄၂၃၅) ဦးအား အဖွဲ့ (၅၅) ဖွဲ့ခွဲ၍ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)