လိပ်သိုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေး

လိပ်သို  စက်တင်ဘာ  ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ကို လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မိမိုးမိုးခိုင်က အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသူလေး များကို ကျန်းမာရေးစစ်ဆေး ပေးခြင်းများဆောင်ရွက်ပေးပြီး  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏  ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက  နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ် ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာ ပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)