ကေ့ာကရိတ်မြို့ အ.မ.က(၁၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ကေ့ာကရိတ် စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ မန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.မ.က(၁၆) အခြေခံပညာမူလတန်းကျောင်းနယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများကို ဆွေးနွေးဟော​ပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင်ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်  ပုံပြင်ပြောပြခြင်း အစီစဥ်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာဖတ်သည့် အလေ့အထကောင်းရရှိစေရေး၊ စာပေဖတ်ရှုလေ့လာနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ရုပ်ပြပုံပြင် စာအုပ်များ၊ ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်  ကလေးအလုပ်သမား ပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)