မြို့သစ် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိရာ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရေပိုလွှဲမှ(တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၅၀ )ပေရှိသည့်အတွက် ရေပိုလွှဲမှ( တစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်၏အခြေအနေနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)