ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စုတွင် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ငဖဲ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများကို ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သီပေါ်ရွာသစ်ကြီးရွာရှေ့တွင်  ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ဝယ်ယူကြသူများအား စနစ်တကျ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စုအတွင်းရှိ ပန်းထိန်း၊ ဗိုလ်ကုန်း၊ ညောင်ကုန်း၊ လေးအိမ်စု၊ စည်ပင်သာ၊ ကျင်းသီပေါ်နှင့် ရွာသစ်ကြီးကျေးရွာများမှ ပြည်သူများအတွက် စားအုန်းဆီ တစ်ပိသာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၃၀၀)စုအတွက် ဆီပိသာ ၃၀၀ ကို  ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ပန်းထိန်းကျေးရွာအုပ်စုနှင့် ဆင်ချည်တိုင်ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှုရှိ၊ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)