ပွင့်ဖြူ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများ ငှားရမ်း၍ ဩဂုတ်လပထမပတ်က စတင်ရိတ်သိမ်းလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် နှမ်းဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံး မိုးနှမ်းစိုက်ဧက ၆၆၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၁၃၃၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီဖြစ်၍ သီးထပ်သီးညှပ် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စား အလုပ်သမားငှားရမ်း၍ ဩဂုတ်လဆန်းပိုင်းက စတင်သိမ်းဆည်းခဲ့ရာ ယခုလ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်အတွက်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေရရှိဖို့အတွက် တစ်မြို့နယ်လုံး မိုးနှမ်းစိုက်ဧက ၆၆၈၅ ဧက လျာထားစိုက်ပျိုးရာမှာ အမှန်တကယ် မြေပြင်စိုက်ပျိုးပြီးစီးမှု မိုးနှမ်းစိုက်ဧက ၁၃၃၉၅ ဧက စိုက်ပျိုးနိုင်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ ပါတယ်။ အဆိုပါ မိုးဦးမိုးနဲ့ အားထားစိုက်ပျိုးခဲ့တဲ့ မိုးနှမ်းစိုက်ခင်းတွေဟာ အသီးများရင့်မှည့်လာပြီဖြစ်လို့ ဒေသခံ တောင်သူများက သီးထပ်သီးညှပ် အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဩဂုတ်လ ပထမပတ်လောက်က စတင် ရိတ်သိမ်းခဲ့ကြပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုနှစ်မှာ နှမ်းဈေးကလဲ တစ်တင်းကို ငွေကျပ် တစ်သိန်းကျော် ရောင်းချနေရလို့ နှမ်းစိုက်ပျိုးတောင်သူတွေ စီးပွားရေး တွက်ခြေကိုက်ကြတယ်။ ဒါ့အပြင် နှမ်းစိုက်ခင်းများ ရိတ်သိမ်းချိန်မှာ ကျေးရွာတွေက နှမ်းရိတ် အငှားလိုက်တဲ့သူတွေလဲ နေ့စဉ် ဝင်ငွေရရှိပြီး အဆင်ပြေနေကြတယ်။ မိုးနှမ်းစိုက်ခင်းများ ရိတ်သိမ်းရာတွင် သီးနှံလေလွင်ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျ သိမ်းဆည်းဆောင်ရွက်ကြဖို့ တောင်သူတွေကို အသိပညာပေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီများတွင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် မိုးစပါး ၊ မိုးနှမ်း ၊ မြေပဲ ၊ နေကြာ ၊ ဝါ ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ ၊ အစေ့ထုတ်ပြောင်း ၊ ကြံသီးနှံနှင့် အခြား ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတု မျှတကောင်းမွန်၍ ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )