တနင်္သာရီ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/သားလူငယ်လူရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့်ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်သည်။
၎င်းလူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးမှူးဌာနတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.ထ.က တနင်္သာရီကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ၊ Grade-7 နှင့် Grade-8 တန်းမှ ကျောင်းသား/သူ (၂၀၀) ကျော်တို့ တက်ရောက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကားပြောကြား၍ ဒုတိယမြို့နယ်ပညာရေးမှူ ဦးခင်အေးက အမှာစကားပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက လူငယ်၊ လူရွယ် ကျောင်းသူ/သားများ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများတိုးပွါးစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်နှင့် နှုတ်မှုစွမ်းရည်တိုးတက်လာပြီး လူအများအရှေ့တွင် ပြောရဲဆိုရဲတတ်စေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်တတ်စေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ စာဖတ်သူဦးရေတိုးတက်၍ စာကြည့်တိုက်ကို အသုံးချသူများပြားလာစေရန် စသည်ဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က ဦးဆောင်မှုဖြင့် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အ.ထ.က တနင်္သာရီ Grade-8 တန်းမှ မောင်လရောင်က လူငယ်နှင့်ပညာရေး၊ မနှင်းနန္ဒာအေးက လူငယ်နှင့် ကျန်းမာရေး၊ Grade-7 အတန်းမှ မောင်ချမ်းမြေ့အောင်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မခင်ခင်ခက လူငယ်နှင့်စာဖတ်ခြင်းအကျိုး စသည့်ခေါင်းစဉ်များဖြင့် စိတ်ဝင်စားဖွယ်ပညာပေး ဆွေးနွေးပေးကြရာ ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာ မှတ်သားကြသည်။
ထို့နောက် လူငယ်စကားဝိုင်းမှာ စိတ်ဝင်စားစွာ ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသူ/သားများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးထိန်ဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်တို့က အမှတ်တရ လက်ဆောင်ချီးမြှင့်ပေးအပ်ကြကြောင်း သိရှိရသည်။
ထို့နောက် အ.ထ.က တနင်္သာရီ ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်က ကျေးဇူးတင်စကားပြောကြား ပေးသည်။
အခမ်းအနားပြီးမြောက်အချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြို့နယ်လှုပ်ရှားမှုရောင်စုံမှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုး/ဥပဒေများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများဖြင့် စိတ်ဝင်စားဖွယ် နံရံကပ်စာစောင်များကို ကျောင်းခန်းအတွင်း ခင်းကျင်းပြသပေးထားရာ တက်ရောက်လာ သူများနှင့် ကျောင်းသူ/သားများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)