ရွှေကျင် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း Human Papilloma Virus (HPV) အိတ်ခ်ျပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ မနက် ၁၀နာရီအချိန်က ခုတင်(၁၀၀)ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး ခုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်းက အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံရခြင်း အကြောင်းများကို ရှင်းလင်း ပြောကြားပေးပြီး အစည်းအဝေး တက်ရောက်လာသူများမှ သိလိုသည့် အချက်အလက်များကို ဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို ရွှေကျင်မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အရွယ် မိန်းကလေးငယ် (၁၂၀၇) ဦးအား ထိုးနှံပေးမည်ဖြစ်ကာ အိတ်ခ်ျပီဗီကာကွယ်ဆေးသည် အိတ်ခ်ျပီဗီပိုးကြောင့် ဖြစ်ပွားသော သားအိမ်ခေါင်းကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ပြီး အမျိုးသမီးငယ်များအား အိတ်ခ်ျပီဗီကာကွယ်ဆေး စောနိုင်သမျှ အစောဆုံး ထိုးနှံပေးခြင်းဖြင့် ကာကွယ်မှု အမြင့်မားဆုံးရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။ အိတ်ခ်ျပီဗီကာကွယ်ဆေးအား အောက်တိုဘာလ ၂၀ရက်နေ့ ညနေပိုင်းမှ စတင်ထိုးနှံပေးသွားမှာဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို (၁)နှစ်ခြား၍ နောက်တစ်ကြိမ် ထိုးနှံကာ စုစုပေါင်း နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)