ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင် ကျင်းပ

ထားဝယ် စက်တင်ဘာ ၂၀

နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် တနင်္သာရီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က လူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်နှင့် လူငယ်များ ကာယ ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည် တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြ သည့် Grade-9 ကျောင်းသူ မငြိမ်းဆုဝေက လူငယ်နှင့်စာဖတ်ခြင်း၊  Grade-9 ကျောင်းသူ မဆုပြည့်ရဲဝင့် က လူငယ် နှင့် မူးယစ်ဆေး၊ Grade-11 ကျောင်းသား မောင်ဟိန်းမင်းသန့် က လူငယ်နှင့်အားကစား၊ Grade-9ကျောင်းသူ မကောင်းသီရိစံက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-11 ကျောင်းသားမောင်ဝေယံဘုန်းထက်က လူငယ်နှင့်စာရိတ္တ၊ Grade-11ကျောင်းသူ  မခင်မြတ်စိုးက လူငယ်နှင့်ဆိုရှယ်မီဒီယာ  စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြောကြားကာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့သည်။

အလားတူပင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)