မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

မြဝတီ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတရရှိစေရေးအတွက်   ဌာနဆိုင်ရာအလိုက်    လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက  အမှတ်(၃၂)  မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့်    အမှတ်(၇၃)  ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့  ပူးပေါင်း၍  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌  မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး  ဦးစံဝင်းကြည်က အမှာစကားပြောကြားပေးပြီး  အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ တပ်စုမှူးရဲမှူးရဲနိုင်က  စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်ခေါင်းစဉ်ဖြင့် ဟောပြောပေးရာတွင်  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးအမျိုးအစားများနှင့် ကျောင်းသား လူငယ်များအနေဖြင့် စမ်းသပ်သုံးစွဲမှုမပြုကြရေးကိုလည်းကောင်း၊ အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေးက  ယာဉ်မောင်းသူများနှင့်  လမ်းအသုံးပြုသူများ လိုက်နာရမည့်အချက်များ၊ လမ်းညွှန်အမှတ်အသားများနှင့် အသိပညာပေး အကြောင်းအရာတို့ကို  ပရိုဂျက်တာဖြင့်   ရှင်းလင်း‌ဟောပြောပေးသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၄၂ ဦး တက်ရောက်ခဲ့ကြပြီး အသိပညာ ဗဟုသုတရရှိစေရေးအတွက်  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ   အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)