ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း ခန်းမတွင် ဆောင်ရွက်ကြသည်။
ရှေးဦးစွာ (အ.မ.က) အင်တိုင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကေသွယ်ရှင်းက ကျောင်းသား/သူများ မူလတန်းအဆင့်မှစပြီး စည်းကမ်းကောင်းသော ပညာရေးတွင်သာမက ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေးခြင်းကို ဂရုစိုက်မှတ်သားကြရန် ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူး (၇) မျိုးအား အသိပညာပေး ဟောပြောကြသည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများအား ရှင်းလင်းပြောကြားပြီးနောက်၊ (အ.မ.က) မြို့မမြောက်ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ပြီး အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှူကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)