မင်းတုန်း စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ဘိန်းအစားထိုးသီးနှံအတွက် ကော်ဖီပင်၊ မြေပဲမျိုး၊ မြေပဲမျိုးစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုနှင့် မြင်းကွေ့ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ဘိန်းအစားထိုး သီးနှံအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ဝက်ကော်ကျေးရွာအုပ်စုနှင့် မြင်းကွေ့ကျေးရွာအုပ်စုရှိ တောင်သူများအား နှစ်ရှည်သီးနှံ ကော်ဖီပျိုးပင် အပင်(၂၀၀၀)၊ မြေပဲမျိုး မကွေး-၁၆ (၁၈)တင်း၊ မြေပဲမျိုးစေ့ချ ကိရိယာ(၃)ခုနှင့် ဓါတ်မြေဩဇာ(၂)တန်ကို တောင်သူများအား ဌာနဆိုင်ရာ တာဝန်ခံများက ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက ကော်ဖီသီးနှံ စိုက်ပျိုးခြင်း နည်းပညာသင်တန်းနှင့် ကော်ဖီသီးနှံပင်တွင် ကျရောက်တတ်သော ပင်စည်ထိုးပိုး ကျိုင်းကောင်ကျရောက်မှု ကာကွယ်နှိမ်နင်းသည့် နည်းပညာပေး ဆင့်ပွားသင်တန်း ဆက်လက်ပို့ချခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)