ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က-၂) ကျောင်းနှင့် (အ.မ.က) မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့် ဦးဆောင်သော အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး မထိုးမီအပူချိန် တိုင်းခြင်းနှင့် ထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ မဖြစ်စေရေးအား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၃) ကျောင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသူ(၁၇၃၁)ဦးရှိရာ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး စက်တင်ဘာလ(၂၉)ရက်နေ့ထိ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့များခွဲကာ သတ်မှတ်ကာလအတွင်း အပြီးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)