မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ် ကြဲပက်

ဘားအံ စက်တင်ဘာ  ၂၀

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ကွင်းအမှတ်- ၁၄၂၄(ခ)၊ ထီလုံအလယ်ကွင်း၊ တောင်သူဦးရာမူးပါ ၂၅ ဦး၏မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုအချိန်သည် မိမိတို့စိုက်ပျိုးထားသော စိုက်ခင်းများတွင် အပင်ဖြစ်ထွန်းကြီးထွားရန် အထွက်နှုန်းကောင်းရန် အစေ့အဆံများပြည့်တင်းရန် အာဟာရဓာတ်များလိုအပ်နေသည့်ကာလဖြစ်ပြီး သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာရောစပ် အသုံးပြုခြင်းဖြင့် အထွက်ကောင်း၊ အရည်အသွေးကောင်း ထုတ်ကုန်များကို ထုတ်လုပ်လာနိုင်မည်ဖြစ်သကဲ့သို့ မြေဆီလွှာပျက်ဆီးဆုံးရှုံးမှုကိုလည်း တပြိုင်တည်းကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထည့်သွင်းလိုက် သည့်အာဟာရဓာတ်များကို အပင်မှ အပြည့်အဝသုံးစွဲနိုင်ရန်၊ အမြစ်အားရှင်သန် ကောင်းမွန်ရန်နှင့် လေဝင်လေထွက်ကောင်းစေရန် ကြားပေါင်းလိုက်ခြင်းကိုလည်းတပါတည်းပြုလုပ်ပေးဖို့လိုအပ်မည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများအကျိုးအမြတ်ရရှိစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာစေရန်အတွက် သွင်းအားစုများကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးလျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့် လည်း လယ်ယာကဏ္ဍတိုးမြှင့်ရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထီလုံ၊ သပုထို၊ ကျုံကော်၊ သမ္ဗာန် ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ၂၅ ကီလိုဂရမ် သဘာဝမြေဩဇာ ၂၅ အိတ်နှင့် ၅၀ ကီလိုဂရမ်ယူရီးယား ဓာတ်မြေဩဇာ ၂၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူဦးကြီးများက လက်ခံရယူခဲ့ကြပြီး တောင်သူကိုယ်စား လှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြား  သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့်စိုက်ပျိုးခြင်း ဧက(၁၅၀) စံပြကွက်အတွင်း တောင်သူများ၏ စုပေါင်းမြေဩဇာကြဲပက်ခြင်းနှင့် ကြားပေါင်းလိုက် ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး လှိုင်းဘွဲမြို့နယ်တွင် မိုးစပါး ၁၂၀၈၄၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့ထိ ဧကပေါင်း ၁၁၀၀၁၈ ကျော် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)