ဂန့်ဂေါမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်)တို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်က ဟောပြောဆွေးနွေးရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူတော်လူကောင်းများ ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျောင်းများတွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်ရိုးသစ်များရေးဆွဲ၍ ကျောင်းများတွင် သင်ကြားပို့ချစေလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ဘဝရည်မှန်းချက်များထားရှိရေး၊ ကျောင်းတွင် ဆရာ/ဆရာမများသင်ကြားပေးသည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြရေး၊ ပြင်ပဗဟုသုတစာပေများဖြစ်သည့် သုတနှင့်ရသစာပေများကိုလည်း လေ့လာဖတ်ရှု့၍ မိမိအတွက် အကျိုးပြုမည့်အရာများကို ရွေးယူမှတ်သားကြရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားနေစဉ်ကာလအတွင်း တယ်လီဖုန်းများကို အသုံးမပြုရန်၊ ကျောင်းသင်ခန်းစာများကိုသာ ကြိုးစားကျက်မှတ်ကြရန်ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိထားရှောင်ကြဉ်ရမည့် အချက်များ၊ ဖြစ်ပွားတတ်သည့် အခြေအနေများကို သိရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(စည်ပင်)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းနှင်းယုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)