ကမမောင်း စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက် (၉) နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက အဖွင့်အမှာစကား ပြောကြားပြီး ကမမောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်က မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကမမောင်းမြို့အနေဖြင့် စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ထိုးနှံသူဦးရေ (၁၈၆) ဦးသာရှိပြီး အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးအား အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သည့် မိန်းကလေးများ ထိုးနှံပေးမှ ဆေးအာနိသင် ထိရောက်မှာ ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရာတွင် အောင်မြင်စွာ ထိုးနှံနိုင်ရေး ပြည်သူလူထုများ ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ကျောင်းသူဦးရေများအလိုက် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)