လိပ်သို စက်တင်ဘာ ၂၀
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များ အား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေ ဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း၊ တစ်ဦးနှင့် တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသောကြောင့် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရာ Book Club အဖွဲ့ဝင် စောကျော်မိုးဟိန်းက “ သိုက်မြုံမှခွာသောအခါ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် စောသူရကြာက “ ရှင်သန်တိုးပွားချစ်ခြင်းတရား ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နော်ထက်ထက်ထွေးက “ ကြင်နာတဲ့ဖေဖေနဲ့ မေမေ ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့်လူငယ်များက သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင် စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် ချစ်ခြင်းမေတ္တာဆိုတာ ဘ၀ထဲမှာ အမြဲရှိနေတဲ့ ရာသီဥတုလေး ဖြစ်ပါကြောင်း၊ လူငယ်တွေအတွက် အတွေးအမြင်ကောင်းလေးတွေကို ရရှိစေကြောင်း၊ ဘ၀အတွက် အထောက်အကူဖြစ်ပြီး စိတ်ခွန်အားဖြစ်စေကြောင်း၊ ဘ၀နေနည်း အနုပညာ အတွေးအမြင်များ အသိပညာ ဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)