စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း မုံရွာမြို့နယ်ရှိ အလုံ အ.ထ.က(၂)၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး

မုံရွာ စက်တင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် စိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး  လိုက်ပါလျက် မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ အလုံ အ.ထ.က(၂)၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ယနေ့ နံနက်(၁ဝ)နာရီခန့်က သွားရောက်၍ အလုံ အ.ထ.က(၂) ကျောင်းအုပ်ကြီး ဖြိုးဇော်ဦး သင်ကြားရေး ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းဝန်းအတွင်းရှိ ဆောင်ရွက်ထားရှိသော School Garden အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေး ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ကျောင်းဝန်းအတွင်း School Garden ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးနောက် School Garden စိုက်ပျိုးမှုတွင် ဒေသတွင်းမရှိသော ဈေးကွက်ဝင် သီးနှံများ ဖော်ဆောင်စိုက်ပျိုးရန်၊ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတဖြစ်စေရေး သင်ကြားပို့ချရန်နှင့် ရာသီမရွေး သီးနှံများ စိုက်ပျိုးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပြီး လိုအပ်သည်များကို အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းမှ အလယ်အလတ်တန်း ပညာရှင်များ မွေးထုတ်ပေးရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များ ဆက်လက် သင်ကြားနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နွေးထွေးစွာတွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများမှ လိုအပ်ချက်များနှင့် အခက်ခဲများအား တင်ပြခဲ့ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)