ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို မြိတ်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ထိုးနှံပေး

မြိတ်   စက်တင်ဘာ   ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး ထိုနှံပေးရေးလုပ်ငန်းဖြင့်  ယမန်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများတွင်  ထိုးနှံပေးလျက်ရှိသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်‌‌သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံခြင်းဖြစ်၍ ကျောင်းအခြေပြုနှင့် ပြည်သူလူထု အခြေပြုပုံစံများဖြင့် ထိုးနှံခြင်းဖြစ်ကာ လွှမ်းခြုံမှုမြင့်မားစွာထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကာကွယ်ဆေးကို စက်တင်ဘာလ(၁၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်းကောင်း၊ အောက်တိုဘာလ(၁၆)ရက်‌နေ့မှ (၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း တို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးကို မြိတ်မြို့နယ်အတွင်းရှိ ကျောင်းသူ(၈၀၀၀)ကျော်ကို ထိုးနှံပေးရန်လျာထားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်များအတိုင်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )