ပဲခူး စက်တင်ဘာ ၂၀
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက HPV Information Center ၏ အချက်လက်များအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက်(၁၅)နှစ်မှ အသက်(၄၄)နှစ်ထိဖြစ်ပြီး အမျိုးသမီးဦးရေတစ်သိန်းတွင် (၂၅.၃)ဦးဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုနှုန်း(၆.၉)ရာခိုင်နှုန်းရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထအများဆုံးဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော အမျိုးသမီးများတွင် ဒုတိယအများဆုံး ဖြစ်ပွားလျက်ရှိသည့် ကင်ဆာရောဂါတစ်ခုဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် (၇၀)ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား(၂)မျိုးကြောင့်ဖြစ်ပြီး ယခုကာကွယ်ဆေးသည် ဖော်ပြပါပိုးအမျိုးအစား(၂)မျိုးကူးစက်ခံရခြင်းမှ (၉၅)ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များ အား ဆောလျင်စွာထိုးနှံပေးရခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းနှင့် အောက်တိုဘာလတွင် လူထုအခြေပြုကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု၊ သေဆုံးမှုများအား များစွာလျော့ချနိုင်ရေး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကျန်းမာပျော်ရွှင်သော အမျိုးသမီးဘဝတွေကို ရရှိပိုင်ဆိုင်စေနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အသက်(၉)နှစ်ပြည့်ပြီး (၁၂)မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသည့် ကျောင်းသူမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးဒေါ်စိုးစိုးသက်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)