ကျောက်တံခါး စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုနှံပေးရေးလုပ်ငန်းဖြင့် အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က(အနောက်ရပ်)ကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောမိန်းကလေးငယ်များတွင် စတင်ထိုးနှံခြင်းဖြစ်၍ ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုပုံစံများဖြင့် ထိုးနှံခြင်းဖြစ်ကာ လွှမ်းခြုံမှုမြင့်မားစွာထိုးနှံ၍ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလ(၁၈)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်းကောင်း၊ အောက်တိုဘာလ(၁၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိကျောင်းပေါင်း(၂၀၉)ကျောင်းမှ ကျောင်းသူ(၆၈၁၂)ဦးကို ထိုးနှံပေးရန်လျာထားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်များအတိုင်း ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)