ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပ

ဝေါ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့်ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲဆိုရဲသောသတ္တိများရှိလာစေရန် လူငယ်အချင်းချင်းအသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာပြောဆိုဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကိုရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း( ခွဲ )၌ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ညောင်ခါးရှည်)မှ ကျောင်းအုပ်ဆရာကြီး ဦးတင်သိန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက Moderator အဖြစ်ဆောင်ရွက်ပေးပြီး အ.လ.က(ခွဲ) (ညောင်ခါးရှည်) Grade-8 မှ မငွေသီဦးက သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-9 မှ မောင်ချစ်ထူးက လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 မှ မအင်ကြင်းနိုင်က ချုပ်ရိုးအဟောင်းလေးတစ်ခု ခေါင်းစဥ်ဖြင့်လည်းကောင်း၊  Grade-8 မှ မောင်ချမ်းမြေ့အောင်က လူငယ်နှင့်မူးယစ်အန္တရာယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9 မှ မဝတ်ရည်ဖူးက ကျောင်းသားနှင့်အားကစားခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။                    

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများမှပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)