သာပေါင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်ဟောပြောပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ကညင်ချောင်း) ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း (ကညင်ချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဆွေမှ စိတ်ဓါတ်၊စည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး (တာဝန်ခံ) ဒေါ်ချိုသဲမှ” လူငယ်နှင့်ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့်” ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းနေစဥ်ကာလအတွင်း အားကစားနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်မှုဖြစ်သည့် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ နွေရာသီအားကစားသင်တန်းများတွင်ပါဝင်၍ ကျန်းမာကြံ့ခိုင်အောင်တည် ဆောက်ကြရမှာဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် ငယ်စဥ်ကပင်အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း၊ အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်ကြောင်း၊အားကစားနည်း(၄)မျိုးမှာ ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား တို့ဖြစ်ကြောင်း၊အလေ့အကျင့်တစ်ခုခုကို အမြဲမှန်မှန် လှုပ်ရှားကစားခြင်းသည် လေ့ကျင့်ခန်းဖြစ်ပြီး အားကစားအမျိုးမျိုးထဲမှ သဘာဝအကျဆုံးနှင့်အရိုးရှင်းဆုံး အားကစားလေ့ကျင့်ခန်းသည် “လမ်းလျှောက်ခြင်း”ဖြစ်ကြောင်းနှင့်အားကစားသိပ္ပံကျောင်း ဖွင့်လှစ်ထားရှိပြီးတတ်ရောက်သင်ကြားနိုင်ရေး အတွက် စိတ်ပါဝင်စားသော အားကစားသမားများစီစစ် ရွေးချယ်ခေါ်ယူ၍ နွေရာသီသင်တန်းသားများ ရရှိရေး၊မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဟောပြောပြီး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းက”လူငယ်နှင့် စာပေဖတ်ရှုရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းမှ ဘေး (၉) မျိုး ဆောင်/ရှောင်ရန် အသိပညာပေးဟောပြောရာ (၁) မုန်တိုင်းဘေး၊ (၂)လေပြင်းဘေး၊ (၃)ရေဘေး၊ (၄)ငလျင်ဘေး၊ (၅)မီးဘေး၊ (၆)လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းဘေး၊ (၇)မိုးခေါင်ရေရှားဘေး၊ (၈)မြေပြိုခြင်းဘေး၊ (၉)ဆူနာမီဘေးတို့ဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ရမည့် အချက်အလက်တို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အေးမှ သက်ငယ်မုဒိမ်းဆိုင်ရာဥပဒေများ၊ ဆောင်ရန်၊ရှောင်ရန်အချက်များအား ဆက်လက်၍အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး (တာဝန်ခံ) ဒေါ်ချိုသဲမှ အားကစားအထောက်အကူပြုပစ္စည်းတို့ကို အခြေခံပညာအလယ်တန်းကျောင်း (ကညင်ချောင်း)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဆွေလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)