ကော့သောင်း စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက အသက် ၉ နှစ် ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများကို စက်တင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ (၁-၉-၂၀၁၁)မှ ၃၁-၈-၂၀၁၄) ရက်အတွင်း မွေးဖွားသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေး မထိုးနှံမီ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ကျောင်းသူများအား သွေးပေါင်ချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီး သက်ဆိုင်ရာ စာသင်ကျောင်း အသီးသီးမှ ဆရာ၊ဆရာမများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကော့သောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)