ရှမ်းရွာသစ်မြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် ကျောင်းသူများအား ပညာရေးဌာန၏ လမ်းညွှန်မှုနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာကျောင်းမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးသည် လူကိုရောဂါဖြစ်စေသော ပက်ပါလိုမားဗိုင်းရပ်စ်ပိုး (HPV) ရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးသည် အလွန်စိတ်ချရသော ဆေးဖြစ်ပြီး (၈၀) ရာခိုင်နှုန်းခန့်၌ ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်း၊ နီရဲခြင်းနှင့် ကိုယ်ပူခြင်း ဖြစ်တတ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သည့်  အရေးကြီးသည့် အချက်အလက်များကို အသိပညာပေး ဟောပြောပြီးနောက် အ.မ.က(ရှမ်းရွာသစ်)၊ အ.မ.က (ထီးကြားရာ)၊ အ.မ.က(မဲသမူး)၊ အ.မ.က(နတ်စင်ကုန်း)  ကျောင်းများမှ ကျောင်းသူ(၄၇)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)