ကျိုက်လတ်မြို့နယ် အမှတ်(၁၀)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

 

ကျိုက်လတ် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နံနက် (၁၁) နာရီက အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးတင်စိန်က စားသောက်ကုန်များနှင့်ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန်စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့်ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့နောက် "လူကုန်ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အကြောင်းသိကောင်းစရာ" အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "အသိပညာပေးဟောပြောပွဲ"သို့ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်ရီရီမြင့်