ကသာမြို့ အ.ထ.က(ခွဲ)၊ (လ-၁) အခြေခံပညာအထက်တန်းကျောင်း၌ ပလပ်စတစ် ညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကသာ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပလပ်စတစ်ညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(ခွဲ)၊ (လ-၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ခွဲ)၊ (လ-၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက ပလပ်စတစ်အိတ်လျော့၍ သုံးစွဲကြရန်၊ ပလပ်စတစ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးနှင့် အမှိုက်စို၊ အမှိုက်ခြောက်များ ခွဲခြားစွန့်ပစ်ကြရန်၊ ကသာခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်စိမ်းလန်းစိုပြည်ရေးအကြောင်းအရာတို့ကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို ကသာခရိုင်ပန်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပလပ်စတစ်ညစ်ညမ်းမှု အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်းနှင့် ခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းတို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)