ဓနုဖြူ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)မကျော်သော ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့(HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဓနုဖြူမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး (၁၂)မကျော်သော ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးခဲ့ကြကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၁၀ ရှိ ကျောင်းသူများအား အသက်အပိုင်းအခြားအလိုက် စက်တင်ဘာလ (၁၈)ရက်နေ့မှ စတင်ကာ (၂၉)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)