ပြည် စက်တင်ဘာ ၁၉
ပြည်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးနေကြာ (၁၀၁) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယင်းတို့မှထွက်ရှိလာသော (ဆင်းရွှေကြာ-၂) မျိုးကောင်းမျိုးသန့်များကို ယခုလ ပထမပတ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြွေရိုးကျေးရွာအုပ်စုမှ မိုးနေကြာစိုက် တောင်သူများပူးပေါင်း၍ အဆိုပါကျေးရွာ မိုးနေကြာ ၁၈ ဧကစိုက်ခင်း၌ မျိုးမြှင့်တင် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးမြှင့်တင်ရွေးချယ်ရာတွင် ယခုနှစ်ဇွန်လဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့သော မိုးနေကြာ (၁၀၁) ဧကအနက်မှ ရက် ၉၀ ပြည့်ပြီး အပွင့်ရင့်/အစေ့အောင်မြင်သော မိုးနေကြာ (ဆင်းရွှေကြာ-၂) မျိုးများကို စိုက်ခင်းများရိတ်သိမ်းချိန်အတွင်း စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာဖြင့် တောင်သူများပူးပေါင်း၍ မျိုးကောင်းမျိုးစေ့များ ရွေးချယ်ခြင်းကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
အဆိုပါမျိုးမြှင့်တင်ရွေးချယ်ခဲ့သော မိုးနေကြာ(ဆင်းရွှေကြာ-၂) မျိုးကောင်းမျိုးသန့်မှာ နေကြာတစ်တင်းလျှင် ဆီသုံးပိဿာခန့်ထွက်ရှိနိုင်ပြီး ယင်းမျိုးသန့်များကို ယခုနှစ် ဆောင်းရာသီတွင် တောင်သူများစိုက်ပျိုးနိုင်ရန်နှင့် ဒေသအတွင်း စားသုံးဆီဖူလုံရေး အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပြည်မြို့နယ်၌ ယခုနှစ် ဆောင်းရာသီတွင်လည်း ဆီထွက်သီးနှံနေကြာ (၉၀၉) ဧက လျာထားစိုက်ပျိုးမည် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)