ထားဝယ် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးတိုင်းဒေသကြီး လုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းမှာရှိသော လယ်ယာမြေနှင့် အခြားနည်းသုံးစွဲခွင့်နှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို (SOP) ရေးဆွဲပြုစုရန် အတွက်လုပ်ငန်းကော်မတီများအနေဖြင့် အကြံဉာဏ်များ ပေးရန်လိုအပ်ကြောင်း၊ (SOP)ရေးဆွဲသည့် နေရာတွင်ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဝိုင်းဝန်းဆွေးနွေးပြီး အကြံပြုသုံးသပ်ချက်များ ပေးရန်လိုအပ်ကြောင်း၊ မြေယာအရေးကိစ္စရပ် တွင်အခြားနည်းသုံးစွဲမှုနှင့် ပတ်သက်၍(၂)ပိုင်းရှိပြီး လယ်မြေနှင့်လယ်ယာမြေဟူ၍ ခွဲခြားပြီးဆောင်ရွက်ရကြောင်း၊ လယ်ယာမြေများမလျော့ပါးစေရေးအတွက် ဂရုတစိုက်ဆောင်ရွက်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းလင်းဦးက တိုင်းဒေသကြီးလုပ်ငန်းကော်မတီ၏ (SOP) မူကြမ်း ရေးဆွဲပြုစုနိုင်ရေး အတွက်ခရိုင်လုပ်ငန်းကော်မတီများမှ တင်ပြသည့်မူကြမ်းများနှင့် တိုင်းကော်မတီအဖွဲ့ဝင်များ၏ သဘောထားအကြံပြုချက်များအား ဆွေးနွေးတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)