သာပေါင်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသည်းထန် မြစ်ရေကြီး လေပြင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် နေအိမ်(၂)လုံးပြိုကျ၊ နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည်။
ထိုသို့ မိုးသည်းထန် မြစ်ရေကြီး လေပြင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်က သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု၊သင်္ကန်းပင်ဆိပ် ကျေးရွာနေထိုင်သူ ဦးလှထွဋ်နှင့်အတူနေ အမျိုးသား(၂)ဦး၊အမျိုးသမီး(၂)ဦး မိသားစု(၄)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁၈’×၁၅’×၂၁’) နေအိမ်ပြိုကျ ပျက်စီးခဲ့ရပြီး၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ ဒိုက်ကြီးကုန်း ကျေးရွာတွင် မြစ်ရေမြင့်တတ် ရေဝင်ရောက်ပြီး မိုးသည်းထန် လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်ပြိုလဲ၍ ဦးကျော်ကျော်ဦးနှင့်အတူနေ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး မိသားစု(၈)ဦးတို့၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း (၁၈’×၁၅’×၂၀’) နေအိမ် ပြိုကျပျက်စီးခဲ့ရပြီး၊ သရက်တော ကျေးရွာအုပ်စု၊ ရေလဲကြီး ကျေးရွာနေထိုင်သူ ဦးအေးမင်းနှင့်အတူနေ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးတို့၏ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁၈’×၁၅’×၁၈’) နေအိမ် အမိုးလန် ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့်၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်ရွာ အထောက်အကူပြုအဖွဲ့တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်