စလင်း စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း အသက်(၉)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသူကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သောကင်ဆာရောဂါများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စလင်းမြို့အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် မြို့နယ်ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ပြီး၊ ကျောင်းဝူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ(၂၀၉)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး စက်တင်ဘာ(၁၈)ရက်မှ (၁၉)ရက်နေ့အထိ ကာကွယ်ဆေးများ မြို့နယ်အတွင်းရှိ ကျောင်းသူကလေးများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဦးစီးအရာရှိ ဦးမင်းမင်းထွန်းထံမှ သိရှိရသည်။
မောင်လွင်(စလင်း)