ဘားအံ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်ပြီး ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါဖြစ်သည့်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသေဆုံးမှုမှ လျှော့ချနိုင်ရန် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုကာကွယ်ဆေး(HPV) ထိုးနှံခြင်းအစီအစဉ်ကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအားလုံး လွှမ်းခြုံမှုရရှိရန် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကာကွယ်ဆေးထိုးနှံကြမည့်ကျောင်းသူများ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံများနှင့် ပညာပေးပိုစတာများအား ကြည့်ရှုအားပေးကာ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအားကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ သဘင်အစည်းအရုံးမှ အမျိုးသားရေးသဘင်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့်ပြိုင်ပွဲတွင် မြန်မာ့တူရိယာပစ္စည်းတီးခတ်ပြိုင်ပွဲ၊ ကမ္ဘာသုံးတူရိယာများကို မြန်မာ့အသံ၊ မြန်မာ့ဟန်နှင့် ယှဉ်ပြိုင်တီးခတ်ပေးမည့်ပြိုင်ပွဲ၊ ခေါင်းခါး ခြေလက်အရိုးအဆစ်များကို ငြိမ့်ညောင်းစွာကပြမည့်အကပြိုင်ပွဲ၊ ကဗျာလွတ် အကပြိုင်ပွဲ၊ နှုတ်မှုစွမ်းရည်ပြကွက် ကွက်စိပ်ပြိုင်ပွဲဖြင့် ထူးကဲစွာယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ခေတ်အလျောက် ပေါ်ထွန်းလာသည့်ရသမြောက် ခေတ်ဟောင်းတေး၊ ကာလပေါ်တေးများ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး တေးသီးချင်းများကို ခေတ်လူငယ်များ သီဆိုယှဉ်ပြိုင်နိုင်ရန် ထည့်သွင်းစီးစဉ်ထားကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြု လေးစားခံရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမများကို မပျောက်ပျက်အောင် ပြည်နယ်သူ/ပြည်နယ်သားများ၊ တိုင်းရင်းသားများမှ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ငြိမ်းချမ်းရေးပန်းခင်းတေးသီချင်း၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဒုံးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြိုင်ပွဲအား စတင်ကျင်းပရာ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင် ၂၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)