နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

လွိုင်ကော် စက်တင်ဘာ ၁၉

၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အပေါ် နိုင်ငံတော်ကတိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများက နွေစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်သည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တောင်သူများအနေဖြင့် နွေစပါး ပန်းတိုင်အထွက်နှုန်းသာမက မိုးစပါးအထွက်နှုန်းကိုလည်း ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ တိုးတက် ဆောင်ရွက်နိုင်ရန်  အဓိကလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း တောင်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ပြီး ပန်းတိုင်အထွက် နှုန်းရရှိစေရေး၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မျိုးကောင်း မျိုးသန့်များ၊ လုပ်ငန်း အထောက်အကူပြု ပစ္စည်းများနှင့် ခေတ်မီနည်းစနစ်များ အသုံးချနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ငန်း အဆင့်မှ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ နွေစပါး (၃,၄၃၀)ဧကစိုက်ပျိုးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူပေါင်း (၆၀၀) ကျော် ပေါ်ထွန်းလာသည်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ဆုရွေးချယ်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်းကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို လယ်ယာသုံးစက်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အထူးဆုရရှိသူများကို  လယ်ယာသုံးပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)