ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၌ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့်လူငယ်စကားဝိုင်းသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေး

ပုသိမ် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်နှင့်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများကို ပြုလုပ်လျက် ရှိပါကြောင်းနှင့်  နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့် ပြည့်စုံသော  လူငယ်လူရွယ်များ ထွက်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းလည်း ဖြစ်ပါကြောင်း၊ အခြေခံပညာကိုကောင်းမွန်စွာ သင်ကြား တတ်မြောက်လာကြပြီး ကွန်ပျူတာတက္ကသိုလ်တွင် အဆင့်မြင့်ပညာများကိုလေ့လာသင်ယူ နေကြသည့် ကျောင်းသား၊ ကျောင်းသူများသည် လူငယ်ကာလအသက်အပိုင်းအခြားသို့ ရောက်ရှိနေကြသူများ ဖြစ်ကြ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့်လည်း မိမိတို့ လေ့လာသည့် ဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူ၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ကောင်းမွန်စွာ အကျိုးပြုနိုင် ပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် စကားဝိုင်းမှတဆင့် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်လူရွယ်များ ဖြစ်ပါစေကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများနှင့် အားကစားပစ္စည်းများကိုပေးအပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်ကလူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ရာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ  ဒေါ်စန်းစန်းမြိုင်၊ တွဲဖက်ပါမောက္ခ (မြန်မာစာဌာနမှူး)က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ပထမနှစ်ကျောင်းသား မောင်ရန်နိုင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ကျောင်းသား မောင်ဝေဖြိုးအောင်က “လူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ်ကျောင်းသား မောင်မြတ်မင်းထွန်းက “လူငယ်နှင့်ကွန်ပျူတာပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပထမနှစ်ကျောင်းသူ မအင်ကြင်းမွန်က“ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)