ပုလောမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ပုလော စက်တင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန် ဆောင်းပါးများစာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စန်းစန်းဝေက လူငယ်များအတွက် ငယ်စဉ်က ပညာသင်ကြားပြီနောက်ပိုင်း လုပ်ငန်းတစ်ခုခုမှာ ခေါင်းဆောင်မဟုတ်တောင် လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ဘဝအောင်မြင်ရေး လမ်းကြောင်းပေါ်ကို တက်ရောက်ကြမည့်လူငယ်များအနေဖြင့် ကျရှုံးခြင်းကိုခံနိုင်ရည်ရှိရန်လိုအပ်ကြောင်း၊ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်သော လူငယ်များဖြစ်လာစေရန် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များကိုသိရှိထားရန် လိုအပ်ကြောင်းကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်များသည် မအောင်မြင်ရခြင်းရဲ့ ပထမဇာစ်မြစ်မှာ မကောင်းသော ဗီဇဝါသနာအားကြီးခြင်း၊ တိကျသောရည်မှန်းချက်မရှိခြင်း၊ သာမန်ထက်ပို၍ တိုးတက်လိုစိတ်မရှိခြင်း၊ လုပ်ငန်း/ဘဝတိုးတက်မည့် အထောက်အကူပညာမတတ်ခြင်း၊ အတွေ့အကြုံဗဟုသုတ မရှိခြင်း၊ ဇွဲ့၊ လုံ့လ၊ ဝီရိယနှင့် စည်းကမ်းမရှိခြင်းဖြစ်ကြောင်း၊ ဒုတိယအချက်ကတော့ ကျန်းမာရေးမကောင်းခြင်း၊ မကောင်းသော ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ ဩဇာလွှမ်းမိုးခံရခြင်းတို့ကြောင့်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများနှင့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)