အုတ်ဖို အောက်တိုဘာ ၁၉
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး နှင့်အဖွဲ့တို့သည် နံနက်ပိုင်းတွင် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ ပြည်တော်သာ၊ လမ်းမတော်၊ မြို့မ၊ ရွာသစ်ရပ်ကွက်နှင့် ညနေပိုင်းတွင် ထောက်ကြံ့ကွင်း၊ အေးမြသာယာကျေးရွာ အုပ်စုများမှ ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး ဦးကျော်ဇင်ဦးက ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မဲရုံ များတွင် တာဝန်ယူဆောင်ရွက်သွားကြမည့်သူများ အနေနဲ့လည်း ရောဂါပိုးကူးစက် မခံရဖို့လိုကြောင်း ပြောကြားပြီး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်မှ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသူရဌေးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်း များအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)