ရေတာရှည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ယမန်နေ့က စတင်၍ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည်မြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းအနေဖြင့် ကျောင်းပေါင်း (၂၄၄) ကျောင်း၊ ကျောင်းသူဦးရေ (၅၁၂၈) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအလိုက်ထိုးနှံပေးခဲ့ရာ ပထမနေ့တွင် (၁၃၅၁) ဦး ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)