ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

 “ဒီနှစ်ကျွန်းလှမြို့နယ်မှာ မိုးစပါးမျိုးစေ့ထုတ်စံပြကွက်အဖြစ် ဧက ၂၀၀ စိုက်ပျိုးခဲ့ပါတယ်။ တောင်သူတွေက သိပ္ပံနည်းကျစိုက်နည်းစနစ်ကို လိုက်နာကျင့်သုံး စိုက်ပျိုးကြပါတယ်။ တွက်ရှိလာတဲ့မျိုးစပါးများကို ဒေသတွင်းတောင်သူတွေ ဖြန့်ဖြူးပေးဖို့ စီစဉ်ထားပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပိုးမွှားကင်းထောက်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာ အချိုးညီအချိန်ကိုက်ထည့်သွင်းခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး‌ ၃၄၀၉၇ ဧကစိုက်ပျိုးပြီး မျိုးစေ့ထုတ်စံပြကွက် ဧက ၂၀၀၊ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် ဧက ၁၀၀၊ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်း/လှ)