ဇီးကုန်း စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြုထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုယ်ပိုင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်း ၁၀၆ ကျောင်းမှ ကျောင်းသူ ၁၃၄၂ ဦးအား ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ဇီးကုန်းမြို့နယ်၌ အခြေခံပညာကျောင်း ၅၇ ကျောင်းမှ ကျောင်းသူများအား ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသောကျောင်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)