ရွှေတောင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထိုးနှံ

ရွှေတောင် စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာအောင်မျိုးသန့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (ရွှေတောင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းအား အသက် ၉ နှစ်မှ ၁၂ နှစ် မကျော်သော ကျောင်းသူလေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် ဆရာမများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမှုအား ရွှေတောင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၇၇) ကျောင်းမှ ကျောင်းသူ (၂၂၄၃) ဦးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)