ကော့ကရိတ် စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ တင်ထွန်းဇော် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာမများက ကျောင်းသူမျာအား ကျန်းမာရေးစစ်ဆေးမှု၊ စာရင်းရေးသွင်းခြင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူ(၁၂၄) ဦးကို (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့သည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် (၁.၉.၂၀၁၁) မှစ၍ (၃၁.၈.၂၀၁၄) အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုဟူ၍ နှစ်မျိုးခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ရာ ကျောင်းအခြေပြု ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၂၉ ရက်နေ့ထိ ထိုးနှံပေးလျက်ရှိပြီး ပြည်သူလူထုအခြေပြု ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်ရက် ကာလအတွင်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)